ဝေါမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ အသိပေးနှိုးဆော်

ဝေါ ဖေဖော်ဝါရီ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ပြည်သူ များသိရှိစေရန် အသိပညာပေးနှိုးဆော်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ရပ်ကွက်များရှိ လူစည်ကားရာ နေရာများတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့  အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော   ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိုမီခရွန် (omicron) နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊   နေအိမ်မှ ပြင်ပသို့ထွက်လျှင် ပါးစပ်/ နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း မပြုကြပါရန်နှင့် ရောဂါပိုးကူးစက်ခံနေရသည် ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ကုသမှုခံယူကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း  သိရသည်။

ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အိုမီခရွန် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန များဖြင့် ပူးပေါင်း၍ ဘက်စုံ၊ ထောင့်စုံမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)