ကျောက်ပန်းတောင်း မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစာငွေ လာရောက်ထုတ်ယူ ကြသည့် နိုင်ငံဝန်ထမ်းများနှင့် သီးခြားငွေသွင်း/ငွေထုတ်လာရောက်သူများအား၊ မြို့နယ်လုပ်ငန်းကော်မတီမှ လူငယ်များနှင့် ကျန်းမာရေးဌာနဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းနှင့် ပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းများကို ယနေ့ နံနက်(၉)နာရီမှ စတင်ဆောင်ရွက်ခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေးအတွက် မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီကို၊ မြို့နယ်လူငယ်ရေးရာ ကော်မတီဝင်များနှင့် ပါဝင်ဖွဲ့စည်းထားရှိပြီးဖြစ်ရာ၊ အဆိုပါ ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်လူငယ်များဖြစ်သော ကိုဆန်းလင်းအောင်၊ ကိုဖိုးချမ်း၊ ကိုကျော်သိုက်နှင့် ကိုဘိုဖြူ တို့၏ စည်းရုံးမှုဖြင့် လူငယ်အဖွဲ့ဝင်များ စုပေါင်းကာ မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ်ရှိ လူစည် ကားရာနေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် မြို့အဝင်အထွက် ဂိတ်များတွင် ခရီးသည်များအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းနှင့် ပညာပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိရာ၊ ယနေ့တွင် မြန်မာ့စီးပွားရေးဘဏ်သို့ လစာငွေလာရောက်ထုတ်ယူကြသည့် နိုင်ငံဝန်ထမ်းများနှင့် သီးခြားငွေ/ သွင်းငွေထုတ်လာရောက်ကြသူများကို၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းနှင့် ပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ “ကျွန်မတို့ မြန့်မာ့စီးပွားရေးဘဏ်မှာတော့ ငွေသွင်း/ငွေထုတ် လာရောက် တဲ့သူတွေအားလုံးကို အပြင်မှာလက်ဆေးဖို့သီးခြားစီစဉ်ပေးထားပြီး၊ လက်သန့်စင်စေပြီးမှ အထဲကိုဝင်ရောက်စေ ပါတယ်။ ပြီးခဲ့တဲ့အပတ် ပင်စင်ငွေတွေထုတ်ပေးတဲ့အချိန်ကတည်းက စပြီးဆောင်ရွက်ပေးတာပါ ပင်စင် ငွေထုတ် ပေးတဲ့အချိန်တုန်းကတော့ လက်ဆေးဖို့တင်မဟုတ်ဘူ နှာခေါင်းစည်းတတ်ဖို့အတွက်ကိုလည်း Mask တွေ အခမဲ့ ဝေငှပေးခဲ့ပါတယ်” ဟု ကျောက်ပန်းတောင်းမြို့ မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ခင်လေးမြိုင်က ပြောပါ သည်။
အဆိုပါ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းနှင့် ပညာပေးလက်ကမ်းများ ဝေငှခြင်းတို့ကို မြို့နယ်ကြီးကြပ်မှု ကော်မတီမှ လူငယ်အဖွဲ့ဝင်(၁၂)ဦး၊ ကျန်းမာရေးဌာနမှ သူနာပြု(၃)ဦးနှင့် ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ မွန်းတည့်(၁၂)နာရီအထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)