ပုသိမ်မြို့၊ ကမ်းနီကျေးရွာတွင် အသက်မွေးဝမ်း​​ကြောင်းဆိုင်ရာ လက်သန့်ဆေးရည် ပြုလုပ်နည်း သင်တန်းဖွင့်

ပုသိမ်  သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ အသေးစားစက်မူလက်မူ လုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ကာလအလွန် စီးပွားရေး ပြန်လည်ကုစားရေး အစီစဉ်အရ အလုပ်ကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းနှင့် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ လက်သန့်ဆေးရည် ပြုလုပ်နည်းသင်တန်းကို ပုသိမ်မြို့ ကမ်းနီကျေးရွာအုပ်စု ကမ်းနီဖျား ကျေးရွာရှိ ငြိမ်းချမ်းသာယာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၉ နာရီ က ဖွင့်လှစ်ရာ တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူး၊ ကမ်းနီဖျား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဝင်း၊ မြန်မာဆဲလ်မားအူးလ်အွန်ဒုံ ကျေးလက်ဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖွဲ့ဥက္ကဋ္ဌ ဦးစံသိန်းနှင့်ရပ်ကျေးအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးက သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းရာတွင် သင်တန်းများကို နိုင်ငံတော်မှ ပံ့ပိုးဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် အလေးအနက်ထား သင်ယူကြစေလိုကြောင်းနှင့် သင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်းသည်။

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသော မြန်မာ ဆဲလ်မားအူးလ်အွန်ဒုံ စီမံကိန်းတာဝန်ခံ ဦးစံသိန်းတို့က သင်တန်းသားများအား အမှာစကားများ ပြောကြားခဲ့ပြီး သင်တန်းကို စတင်ခဲ့သည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၀ ဦးတို့အား ခြောက်ရက်တာကာလအတွင်း လက်သန့်ဆေးရည်၊ ဆပ်ပြာရည်၊ ဟန်းဂျယ်လ် ပြုလုပ်နည်းများကို ဈေးကွက်တင်ပို့ ကုန်ထုတ်လုပ် ရောင်းချနိုင်သည်အထိ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများကိုလည်း ဦးစီးဌာနက ကူညီပံပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြင့်ဟန်၊ ပုသိမ်ခရိုင်(ပြန်/ဆက်)