လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပသည့် (၂၀)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကြီးကျင်းပ

ပြည် ဖေဖော်ဝါရီ ၁၄

ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပသည့် (၂၀)ကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကြီးကို ယနေ့ နံနက် (၇)နာရီအချိန်က မဟာဗောဓိ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် ဒိုင်အဖွဲ့ဒိုင်ချုပ် ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်က ဒိုင်အဖွဲ့၏ ရွေးချယ်ပုံ၊ စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ထမနဲထိုးပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။ အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ ရွှေဆံတော်ဘုရား ဝေယျာဝစ္စအဖွဲ့ (၆)ဖွဲ့နှင့် ဝန်ထမ်းအဖွဲ့အပါအဖွဲ့ (၇)ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်နေမှုများကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက တက်ရောက်အားပေး ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အကဲဖြတ်အမှတ်ပေးအဖွဲ့ ဒိုင်ချုပ်မှ ဆုရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပထမဆုရရှိသည့် မဟာဗောဓိအဖွဲ့၊ ဒုတိယဆုရရှိသည့် သာသနာ့နုဂ္ဂဟအဖွဲ့၊ တတိယဆုရရှိသည့် ရွှေဆံတော် ဘုရား ဝန်ထမ်းအဖွဲ့နှင့် နှစ်သိမ့်ဆုများကို ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာယုဇန၊ မြန်မာ့စီးပွားရေးဘဏ်၊ ခရိုင်မန်နေဂျာ ဦးမော်သိန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)