ကော့ကရိတ် ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ် သာသနာနုဂ္ဂအသင်းဥက္ကဋ္ဌ (နယ်ခြားစောင့်တပ် (BGF) တပ်နယ်မှူး) ဗိုလ်မှူးကြီး စောမုတ်သုန်ကစီးသော (၁၉၆) ကြိမ်မြောက် ကရင်ရိုးနယ်လုံးကျွတ် မီးပုံပွဲဖွင့်ပွဲအခမ်းအနားနှင့် ယဉ်ကျေးမှု ဒုံးစင်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီခွဲအချိန်က ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့ မီးပုံပွဲကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကရင်ရိုးရာနယ်လုံးကျွတ် မီးပုံပွဲဖွင့်ပွဲအခမ်းအနားကို အဆိုပါမုဒ်ဦးရှေ့၌ကျင်းပရာ မြိုင်ကြီးငူ ဆရာတော်၊ ကရင်ပြည်နယ် သာသနာနုဂ္ဂအသင်းဥက္ကဋ္ဌ (နယ်ခြားစောင့်တပ် (BGF) တပ်နယ်မှူး) ဗိုလ်မှူးကြီး စောမုတ်သုန်၊ အမှတ် (၁၂)စစ်ဆင်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ် (ကိုယ်စား) ခြေမြန်တပ်ရင်း (၅၄၅) တပ်ရင်းမှူး၏ ဇနီး ဒေါ်ပန်သုခိုင်၊ နယ်ခြားစောင့်တပ် (BGF) တပ်များ ကွပ်ကဲရေးအကြံပေး ဗိုလ်မှူး ဝင်းအောင်၊ သီရိသုဓမ္မသိင်္ဂီ ဒေါ်နော်ဖောဖော၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် - ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA- PC) ဗိုလ်မှူး စိန်အေး၊ ဒီမိုကရေစီကရင်အကျိုးပြု တပ်မတော် (DKBA) ဗိုလ်မှူး စိုင်းမောင်မောင်၊ ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့် မြို့မရဲစခန်းမှူး ရဲအုပ်ဇင်မင်းထွန်းတို့က ဖဲကြိုးဖြစ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ယဥ်ကျေးမှု ဒုံးစင်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါဒုံးစင်၌ ကျင်းပရာ မီးပုံပွဲကျင်းပရေး နာယကဆရာတော်၊ မြိုင်ကြီးငူဆရာတော်၊ ဓမ္မသုခကျောင်းတိုက် ဆရာတော်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆန်းကို၊ ကရင်ပြည်နယ် သာသနာနုဂ္ဂအသင်းဥက္ကဋ္ဌ (နယ်ခြားစောင့်တပ် (BGF) တပ်နယ်မှူး) ဗိုလ်မှူးကြီး စောမုတ်သုန်နှင့် ဇနီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မြိုင်ကြီးငူဆရာတော်က သြဝါဒမိန့်ကြားပြီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဆန်းကိုက အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ သက်ကြီးပူဇော်ပွဲကို ကျင်းပရာ ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၁၀) ဦးတို့အား တက်ရောက်လာသူများက စုပေါင်းကန်တော့ခဲ့ကြပြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ ကရင်ပြည်နယ် သာသနာနုဂ္ဂအသင်းဥက္ကဋ္ဌ (နယ်ခြားစောင့်တပ် (BGF) တပ်နယ်မှူး) ဗိုလ်မှူးကြီးက ကရင်ရိုးရာ နယ်လုံးကျွတ် မီးပုံပွဲတွင် ဝိုင်းဝန်းပံ့ပိုး ခဲ့ကြသော ကုမ္ပဏီများမှတာဝန်ရှိသူများနှင့် ကရင်ရိုးရာ နယ်လုံးကျွတ် မီးပုံပွဲတွင် လာရောက်ကပြဖျော်ဖြေ မည့် တောင်ကြီးပအိုဝ်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများအား ဆုတံဆိပ်များ ပေးအပ်ခဲ့သည်။
ထို့နောက် ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများရှိ ဒုံးရိမ်းအကအဖွဲ့များ၊ တောင်ကြီး ပအိုဝ်ယဉ်ကျေးမှု အဖွဲ့မှ ပအိုဝ်အကများ၊ ဓားသိုင်း အကများနှင့် ရှမ်းတိုင်းရင်းရိုးရာ ယဥ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေ လျက်ရှိပြီး၊ အဆိုပါ မီးပုံပွဲသို့ ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ပွဲတော် လာရောက်ကြသူများဖြင့်် စည်ကားလျက်ရှိကြောင်း သိရသည်။ မီးပုံပွဲကျင်းပရေး ဒုဥက္ကဋ္ဌ ဦးလောရှည်က မီးပုံပွဲကျင်းပရတဲ့ ရည်ရွယ်ချက်က ရိုးရာအစဥ်အလာမပျက်ဖို့နဲ့ တိုင်းရင်းသားအားလုံး စုပေါင်းညီညာစွာနဲ့ လုပ်ပေးတာဘဲ ဖြစ်ပါတယ်။ကရင်ဒုံးယိမ်းအကကို အစကတော့ ဖျော်ဖြေရေးအနေနဲ့ဘဲ စီ စဉ်ထားတာပေါ့။ ယခုကတော့ ပြိုင်ပွဲဝင် ဒုံးအဖွဲ့ (၄)၊ (၅)ဖွဲ့လာလို့ ကရင်ဒုံးယိမ်းအကပြိုင်ပွဲကိုလည်း ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်ပြဇာတ်နှင့် မြန်မာပြဇာတ်တို့လည်း ရှိတာပေါ့။ ရိုးရာ လက်ဝှေ့ပွဲကတော့ တစ်ကယ့် စိန်ခေါ်ပွဲကြီးတွေတော့ မဟုတ်ဘူးပေါ့။ နယ်ကလူတွေကိုဘဲ ခေါ်ထုတ်ပြီးတော့ ၃သိန်းနဲ့ ၂သိန်း အောင်လံပွဲ တွေကို ဖေဖော်ဝါရီ ၁၄ရက်နဲ့ ၁၅ရက်များတွင် ကျင်းပသွားမှာဖြစ်ပါတယ်ဟု ပြောကြားသည်။
အဆိုပါ မီးပုံပွဲကို ဖေဖော်ဝါရီ ၁၃ရက်နေ့မှ ၁၅ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ကရင်ပြည်နယ် သာသနာ နုဂ္ဂအသင်းဥက္ကဋ္ဌ (နယ်ခြားစောင့်တပ် (BGF) တပ်နယ်မှူး) ဗိုလ်မှူးကြီး စောမုတ်သုန်က အနယ်နယ်အရပ်ရပ်မှ ပွဲတော်သို့ လာရောက် ဆင်နွှဲကြမည့်သူများကိုလည်း စတုဒီသာများတွင် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)