ငဖဲမြို့နယ်သီပေါ်ကျေးရွာ၌ နိုင်ငံခြားနှင်းဆီပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ငဖဲ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သီပေါ်ကျေးရွာမှ တောင်သူများအနေဖြင့် လယ်ယာနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ရွာ၏အနောက်ဘက်ကိုင်းမြေ ၀.၅၀ ဧကတွင် ချောင်းရေကို အသုံးပြု၍ နိုင်ငံခြားနှင်းဆီမျိုး အပင် ၁၀၀၀ - ကျော်ကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ပုံ မှန်ရောင်းချရကာ မိသားစုအပိုဝင်ငွေရရှိနေကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားနှင်းဆီမျိုးများကို မန္တလေးမြို့မှတဆင့်မှာယူဝယ်ယူပြီး ပျိုးပင်များကိုတန်းကြား ၄ ပေ ၊ ပင်ကြား ၁ ပေ အကွာကြား ချပြီးစိုက်ပျိုးကြောင်း၊ အပင်များကိုဘောင်လုပ်ပြီး ရေသွင်းပေးရကာ အပင် ရှင်သန်အပွင့်လှဖို့အတွက် နွားချေးနှင့်ကြက်ချေးမြေဩဇာ ထည့်သွင်းပေးရပြီး ပိုးသတ်ဆေး၊ မှိုဆေး၊ အား ဆေးများ ဖျန်းပေးရကြောင်း၊ နှင်းဆီပင်စတင်စိုက်ပျိုးပြီး ၅ - လခန့်အကြာတွင် အပွင့်ပွင့်၍ ခူးဆွတ် ရောင်းချရကြောင်း၊ မိမိ၏ခြံမြေအတွင်းနိုင်ငံခြားနှင်းဆီများနှင့်အတူ အာဆီယံသပြေ၊ ကညွတ်ပင်များကို လည်းစိုက်ပျိုးထားရှိကြောင်း၊ ခြံအတွင်းသို့ဘုရားပန်းလှူရန်နှင့်အလှူ၊ မင်္ဂလာဆောင်များက လာရောက် ဝယ်ယူကြကြောင်း၊ နှင်းဆီပန်းတစ်ပွင့်လျှင် ငွေကျပ် ၁၅၀ ကျပ်နှုန်းဖြင့်ငဖဲမြို့မ‌‌ဈေးတွင် ရောင်းချရပြီး ပဒါန်း ၊ ဖိုကုန်းကျေးရွာများသို့ ပန်းတစ်ပွင့်လျှင် ငွေကျပ် ၁၃၀ ကျပ်နှုန်းဖြင့် ဖောက်သည်ဈေး ပေးသွင်းရကြောင်း၊ နှင်းဆီပန်းနှင့်သပြေပန်းများကို တစ်နေ့ပျမ်းမျှ သုံးသောင်းကျော်ဖိုး ခန့်ရောင်းချရလို့ မိသားစု နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိကြောင်း ပေကုန်းကျေးရွာမှ နှင်းဆီပင်စိုက်ပျိုးရောင်းချသူ ဒေါ်အေးစီက ပြောကြား သည်။

မယု (ငဖဲ)