ပိုင်ကျုံ ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပ ရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေး အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ကော့မရိုင်း ကျေးရွာအုပ်စု ကော့မရိုင်း-ကျိုက်ပေါင် ကျေးရွာချင်းဆက်လမ်းပေါ်တွင် သံကူကွန်ကရစ် တံတား(၁)စင်း တည်ဆောက်ပေးခြင်း လုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ က ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားသည် (၁၀ပေx၁၂ပေx၁၀ပေ)ရှိပြီး ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် (ပထမအကြိမ်) ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ ချရေး ရန်ပုံငွေ(၄.၉)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာတာဝန်ရှိသူတို့မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းလုပ်ငန်း ပြီးစီးမှုကြောင့် ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့်သွားရေးလာရေး အတွက်အဆင် ပြေ လွယ်ကူလာပြီး ဖြစ်ကြောင်း သိရှိရပါ သည်။
စောဂျိုးဇက်ဂျူး