ရန်ကုန် မတ် ၃၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်(Community Quarantine) ထားရှိရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ (၁၂၉) ဦးရှိပြီး နေအိမ်တွင် စောင့်ကြပ်ကြည့်ရှုသူ (၁၀၄)ဦးနှင့် ပြန်လည်စေလွှတ်သူ(၂၅)ဦးရှိကြောင်း၊ ဆက်လက်၍ ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်သူများ မြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာပါက (၁၄)ရက်ကြာ သီးသန့် နေထိုင်စောင့်ကြည့်မှု (Community Quarantine) ဆောင်ရွက်ရန် နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယခုကဲ့သို့ ညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မောင်မောင်က ယခု ဖြစ်ပွားနေသော ကမ္ဘာ့ကပ် ရောဂါသည် မထင်မှတ်သောနေရာမှ တစ်ယောက်က တစ်ရွာဆိုသလို ကူးစက်နိုင်ကြောင်း၊ ပြည်ပနိုင်ငံကြီး များကို နမူနာယူစေချင်ကြောင်း၊ မြို့နယ်အတွင်းရှိ အဖွဲ့အစည်းအားလုံးမှ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ကော်မတီကို လုပ်နိုင်ကိုင်နိုင်မည့် လူမှုရေးအသင်းအဖွဲ့များဖြင့် တိုးချဲ့ ဖွဲ့စည်းထားပြီးဖြစ်၍ လိုအပ်ချက်များ၊ ဆောင်ရွက်သင့်သည်များကို တက်ရောက်လာသည့် အဖွဲ့ အစည်းများမှ ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် အဖွဲ့အစည်းများမှ မြို့နယ်အတွင်း (Community Quarantine) ဆောင်ရွက် ရန်အတွက် လိုအပ်ချက်များ၊ ဆောင်ရွက်မည့် အစီအစဉ်များကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
မြင့်ရီ(ပြန်/ဆက်)