ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၁၄
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် မျိုးကွဲသစ် အိုမီခရွန် ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့် အချက် များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ဦးစီးဌာန တို့မှပူးပေါင်းပြီး ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ် နိုင်စေရေးအတွက် စဉ်ဆက်မပြတ် အသိပညာပေး နှိုးဆော်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်မြို့မ ဈေးအတွင်း၌ အသိပညာပေး နှိုးဆော်လျက် ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် အဆိုပါဦးစီးဌာနနှစ်ခုမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများလိုက်နာရမည့် အချက်များကို နှိုးဆော်ပေးရာတွင် မျိုးကွဲသစ် အိုမီခရွန် ရောဂါတွင် ကိုဗစ်ကူးစက်ခံရဖူးသူများ ပြန်လည် ကူးစက်နိုင်ခြင်း၊ ကိုဗစ်ကာကွယ်ဆေး များ၏ ထိရောက်မှုနှုန်းလျော့ချနိုင်ခြင်း၊ ကလေးများနှင့် အသက် ၃၀အောက် လူငယ်များတွင် ပိုမိုကူးစက်နိုင်ခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင် သာနေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင် သွားလာကြရန် ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြု လုပ်ခြင်းနှင့် သွားလာခြင်း များကို ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန များသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူရန်၊ ဆောင်ရန်/ရှောင်ရန် အချက်များအား လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး