တနင်္သာရီ ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုန်းကျေးရွာအုပ်စု၊ ဗောဓိကမ်းကျေးရွာ ရတနာဗောဓိကျောင်းတိုက်အတွင်း ယမန်နေ့ နံနက် ၈ နာရီအချိန်က (ပထမ)အကြိမ် အသံမစဲ မဟာပဌါန်း ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီကျင်းပရာ ပင့်လျှောက်ထားသော ဆရာတော်/ သံဃာတော်များ၊ တရား ချစ်ခင် စေတနာရှင် အလှူရှင်များ တက်ရောက် ပူဇော်ကြသည်။
ရှေးဦးစွာ နမောတဿ(၃)ကြိမ် ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ဆရာတော် ဝိနယဝိဒူ (စာချနာယက) သာသနာဓဇ ဓမ္မစရိယ အရှင်ဂါမဏိက ရောင်ခြည်တော်ဖွင့် ဂါထာဖြင့် ဘုရားပင့် လျှောက်ထားပေးတော်မူသည်။ ဆက်လက်၍ ဆရာတော်များက ပဌါန်းတရားနာကြားရန် နတ်ဗြဟ္မာများကို ဖိတ်ကြားခြင်း၊ ပဌါန်းရွတ်ဖတ်ရန် တိုက်တွန်းခြင်းခြင်းကို ဆောင်ရွက်ပေးတော်မူကြပြီး သံဃာတော် အရှင်သူမြတ်များ၊ စေတနာရှင် ဧည့်ပရိတ်သတ်အပေါင်းက ပဌါန်းပစ္စယုဒ္ဒေသနှင့် ပစ္စယနိဒ္ဒေသ ပါဠိတော်များကို စတင်ရွတ်ပွား ပူဇော်ကြကြောင်း သိရသည်။
ယင်းနောက် အလှည့်ကျဆရာတော်/ သံဃာတော်အရှင်မြတ်များက ဖေဖော်ဝါရီလ (၁၅)ရက်နေ့အထိ (၃)ရက်တိုက်တိုင် အသံမစဲ မဟာပဌါန်းကို ရွတ်ပွားပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
နန်းသာရီ