ကျွန်းလှ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျီးအင်းကျေးရွာတွင် ချောင်းရေတင်ပြီး ထိုင်ဝမ်ခရမ်းချဉ် စိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ အဆင်ပြေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ထိုင်ဝမ်ခရမ်းချဉ်ကို တန်ဆောင်မုန်းလမှာ စတင်ပြီး အပင် ၁၂၀၀ ကို သုံးပေပတ်လည် စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုး၊ ရေတင်ဆီဖိုးအပါဝင် ငွေကျပ် ၂၀၀၀၀၀ ကုန်ကျပါတယ်။ ယခုအခါ ပိဿာချိန် ၂၀၀ ခန့်ကောက်ယူပြီးဖြစ်ပါတယ်။ တပေါင်းလအထိ အသီးကောက်ယူရမှာ ဖြစ်တဲ့အတွက် ပိဿာချိန် ၁၀၀၀ ကျော်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဖောက်သည်ဈေး တစ်ပိဿာ ငွေကျပ် ၁၀၀၀ ရောင်းနေရပါတယ်” ဟု မကျီးအင်းကျေးရွာ၊ ခရမ်းချဉ်စိုက်ပျိုးသူ ဦးဌေးထွန်းက ပြောပြသည်။
အဆိုပါ ထိုင်ဝမ်ခရမ်းချဉ်ကို နွေ၊ မိုး၊ ဆောင်း ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ဓာတုကင်းလွတ်သီးနှံ ရရှိစေရန် သဘာမြေဩဇာ၊ သဘာဝပိုးသတ်းဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ ပညာပေးခြင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)