ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များအနှံ့ ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ကော့သောင်း  ဖေဖေါ်ဝါရီ ၁၄

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်မှုလုပ်ငန်းစည်းကမ်းချက်များနှင့်အညီ  စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက် ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ရွှေပြည်သာရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိ ကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်၁၉ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)ပြည့်ပြီး မိသားစုဝင်များ၊ နှင့်အသက်(၁၈)နှစ် ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံး ပျက်စီးသူများ၊  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန်ကျန်ရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆောင်ရွက်မှုအဖြစ် ရပ်ကွက် ပြည်သူ(၁၅၀)ကျော်ကို နိုင်ငံသားကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)