မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကော့သောင်း ဖေဖော်ဝါရီ ၁၂

မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊မူလတန်းကြိုကျောင်းမှ  မူလတန်းကြို ကျောင်းသား ကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ကာယစွမ်းရည်ပြိုင်ပွဲများ အဖြစ် အပြေးပြိုင်ပွဲ၊ ဘောလုံးကောက်ပြိုင်ပွဲ နှင့်မုန့်ကိုက်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဉာဏစွမ်းရည် ပြိုင်ပွဲများအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ နှင့်ဆေးရောင်ခြယ် ပြိုင်ပွဲများအား ကျင်းပပေးခြင်းဖြစ်သည်။

မြန်မာနိုင်ငံကလေးများနေ့အကြိုအထိမ်းအမှတ်ပြိုင်ပွဲများအား ကလေးငယ်များ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာကြစေရန်၊ အားလုံးပါဝင်ဆောင်ရွက်မှုဖြင့် ကလေးများ ဘက်စုံဖွံ့ဖြိုးမှု ရရှိလာစေရန်၊ ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝ အကောင် အထည်ဖော် ရာတွင် ကလေးများအားလုံး ပါဝင်ဆောင်ရွက်စေမှုနှင့်အတူ မိသားစုများနှင့် ပြည်သူလူထုမှ တက်တက်ကြွကြွပူးပေါင်းပါဝင်လာကြစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန    တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြ ကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)