မကွေး ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီလူမှုဝန်ထမ်းဦးစီးဌာနမှ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကာယ စွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့်ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးမြို့ မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာတစ်ဝှမ်းတွင် နိုင်ငံအလိုက် ကလေးများနေ့ အား အသိအမှတ်ပြုထားပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပသလို မိမိတို့မြန်မာနိုင်ငံတွင်လည်း ဖေဖော်ဝါရီလ(၁၃)ရက်နေ့အား မြန်မာနိုင်ငံကလေးများနေ့အဖြစ် သတ်မှတ်ပြီး ကလေးများနှင့်အတူ ပျော်ပွဲရွှင်ပွဲများ ကျင်းပ၍ ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးမှုရှိစေရန် မြှင့်တင်ပေးသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံကလေးများနေ့အား ကလေးသူငယ် အချင်းချင်း တွေ့ဆုံနိုင်သည့် အခွင့်အရေးများမှတစ်ဆင့် အပြန်အလှန် နားလည်မှုများနဲ့ ရင်းနှီးမှုရကြပြီး အများပြည်သူများကလည်း ကလေးသူငယ်များ၏ အခွင့်အရေးများကို သိရှိနားလည်ကာ ကလေးသူငယ်များ အား နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်လာစေချင်သည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရ ခြင်းဖြစ်မိပါကြောင်းနှင့် ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် အစရှိသည့် အခွင့်အရေးများကို အပြည့်အဝအကောင်အထည်ဖော်ရာတွင် မိသားစုများနှင့်ပြည်သူလူထုက တက်တက်ကြွကြွပါဝင်လာစေရန် ရည်ရွယ်ချက်များလည်း ထားရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးမူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများမှ သွေးချင်းတို့ဌာနေမြန်မာပြည် တေးသီးချင်းအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီးနောက် မကွေးမြို့မူလတန်းကြိုကျောင်း ကာယစွမ်းရည်ပြိုင်ပွဲ နှင့်ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ဆုများရရှိခဲ့သော ကလေးသူငယ်များအား မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးသင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မိဘဆရာ အသင်းမှ တာဝန်ရှိသူများမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)