ဘားအံ ဖေဖော်ဝါရီ ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်လူမှုဝန်ထမ်းဦးစီး ဌာနနှင့် ကရင်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီတို့ ပူးပေါင်းကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်က ကရင်ပြည်နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများမှ ကလေးသူငယ် အခွင့်အရေးများဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်၊ ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့် စသည့် ကလေးသူငယ်အခွင့်အရေး(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ အနာဂတ်မျိုးဆက်သစ်ကလေးငယ်များအတွက် မိမိတို့မျှော်လင့်ရည်မှန်းရာ လှပသောအနာဂတ်ဖြစ်လာစေရေး ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးမဆုံးရှုံးစေရေး၊ ကလေးသူငယ်များ၏ အခွင့်အရေးများ ကလေးများအားလုံးလက်လှမ်းမီတန်းတူရရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှ အစွမ်းကုန် ဆောင်ရွက်ပေးကြရန်နှင့် သက်ဆိုင်ရာကဏ္ဍအသီးသီးမှနေ၍ စဉ်ဆက်မပြတ်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မြန်မာနိုင်ငံကလေးများနေ့အကြိုလှုပ်ရှားမှု မူလတန်းကြိုကျောင်းပေါင်းစုံ (ကဗျာ၊ ပုံပြင်၊ သီချင်း၊ ဆေးရောင်ခြယ်) ပြိုင်ပွဲများတွင် ဆုရရှိသောရင်သွေးငယ်လေးများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် အမှတ်(၁)ဘားအံ မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက ပုံပြင်သရုပ်ဖော်ဖြင့် ဖျော်ဖြေတင်ဆက်ရာ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် ဒေါ်ပွင့်ဦးဟန်တို့က အမှတ်တရလက်ဆောင်များနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ပြီး မြန်မာနိုင်ငံ ကလေးများနေ့အကြို လှုပ်ရှားမှု မူလတန်းကြိုကျောင်းပေါင်းစုံ ကဗျာ၊ ပုံပြင်၊ သီချင်းဆို ပြိုင်ပွဲများတွင် ပထမဆုရ ရင်သွေးငယ်လေးများက ပြန်လည်တင်ဆက်သရုပ်ပြခဲ့ကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကာ ဆုရရင်သွေးငယ်လေးများ၏ ဆေးရောင်ခြယ်လက်ရာများအား ကြည့်ရှု့အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)