ဖောင်းပြင်မြို့နယ်တွင် SRI စိုက်ပျိုးနည်းစနစ်ဖြင့် စံပြကွက်ကို နည်းပညာပေး ပြသစိုက်ပျိုး

ဖောင်းပြင် ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက SRI စိုက်ပျိုးနည်း စနစ်ဖြင့် ဆင်းသုခစပါးမျိုး စံပြကွက်အား နည်းပညာပေး စိုက်ပျိုးပြသခြင်းကို  စန္ဒားနည်းပညာပြန့်ပွား ရေးစင်တာ နယ်မြေရှိ မန်မော်ကျေးရွာ၊ ကွင်းအမှတ် (၃၇၁/က)၊ တောင်သူ ဦးအောင်ကြည်ဆွေ၏ လယ်မြေ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က စတင်စိုက်ပျိုး ခဲ့ကြောင်းသိရသည်။

ထိုသို့နည်းပညာပေး ဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးနန္ဒာဝင်းလှိုင်က SRI စိုက်ပျိုးရေး နည်းစနစ်ကို စိုက်ပျိုးပြသ ပေးရခြင်း ရည်ရွယ် ချက်နှင့် လက်ထောက် ဦးစီးမှူး ဒေါ်နိုင်နိုင်ဝင်းက စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများကို  ရှင်းလင်းပြောကြားကြ သည်။ ယင်းနောက် ဆင်းသုခစပါးမျိုး ပျိုးပင်သက်တမ်း ၁၂ ရက်သားရှိပျိုးပင်များကို ပျိုးသက်နု ကောက်ကွက်ကျဲ စနစ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက နည်းပညာပေး စိုက်ပျိုး ပြသသည်။

အဆိုပါ စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးပါက လယ်တစ်ဧကလျင် မျိုးစပါး နို့ဆီဗူးနှင့် ၁၂ ဗူးခန့်သာ ပျိုးထောင် နိုင်ခြင်း၊ ၁ ပေ× ၁ ပေခွဲ ဘောင် အတွင်း စပါးမျိုးစေ့ တစ်ဗူးသာ ပျိုးထောင်ရသည့်အတွက် မြေနေရာ အကျယ်အဝန်းသိပ်မလိုပဲ မိမိအိမ်ခြံဝင်းအတွင်း၌ပင် ပျိုးထောင်နိုင်ခြင်း တို့ကြောင့် အချိန်အား၊ ငွေအားကို ကုန်ကျမှု သက်သာစေကြောင်း လက်ထောက်ဦးစီး ဒေါ်နိုင်နိုင်ဝင်းထံမှ သိရသည်။

SRI စိုက်ပျိုးရေးနည်းစနစ်နဲ့စိုက်ပျိုးခြင်းဖြင့် “စပါးအထွက်နှုန်း ၂၀ မှ ၅၀ ရာခိုင်နှုန်းအထိ တိုးနိုင်ပြီး ရာနှုန်းပြည့် တိုးလာခြင်းများလည်း ရှိကြောင်း၊ ရေသွင်းရခြင်းကို ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း၊ ထုတ်လုပ်မှုစရိတ်များကို ၂၀ မှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း၊ ဝင်ငွေ ၅၀ မှ ၁၀၀ ရာ ခိုင်နှုန်းအထိ တိုးလာနိုင်ကြောင်း၊ စပါးပင်၏ အသက်ရက်ကို ၅ရက် မှ ၁၀ရက်အထိ လျော့နည်းသွားစေ ကြောင်း၊ အဖျင်း အမှော် ကင်းစင်ပြီး အကျိုးအကြေနဲသဖြင့် ဆန်ထွက်နှုန်းမှာ ၁၀မှ ၅၀ ရာခိုင်နှုန်းအထိ တိုးလာ စေမည် ဖြစ်ကြောင်း၊ စပါးအရောင်အဆင်း အရည်အသွေးများ ပိုမိုဝင်းပပြည့်ဝလာနိုင်ကြောင်း၊ ရာသီဥတုဖောက်ပြန် မှုနှင့် ပိုးမွှားရောဂါ ကျရောက်မှုကို ပိုမိုခံနိုင်ရည်ရှိလာနိုင်ကြောင်း ထို့ပြင် စပါးတစ်ဧ ကအတွက် သွင်းအားစု ထည့်သွင်းရာတွင် ရည်ရှည်၌ လျော့နည်းလာခြင်း၊ အလေ့အကျင့်ရရှိပြီးပါက လုပ်ကိုင်ရ ပိုမိုလွယ်ကူလာပြီး မြေကြီးအရည်အသွေးနှင့် မြေဩဇာများ တဖြေးဖြေးမြင့်တက် လာကာ စပါးအထွက် နှုန်းသိသာစွာ တိုးတက် လာနိုင်ခြင်းတို့ကို ရေရှည်တွင် အကျိုးခံစားနိုင် မည်ဖြစ်ကြောင်း” ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးနန္ဒာဝင်းလှိုင်က ပြောပြ၍ သိရသည်။

ကိုထွန်း(ဖောင်းပြင်)