ငဖဲ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့မရပ်ကွက် ချင်းစုရပ်မှတောင်သူများအနေဖြင့် မြို့၏အရှေ့ဘက်ရှိ လယ်မြေများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်အတူ မြေအောက်ရေနှင့်မန်းချောင်းရေတို့ကို အသုံးပြု၍ ဟင်းသီးဟင်းရွက်နှင့် ပန်ဖူးစားပြောင်းများကို စိုက်ပျိုးရောင်းချပြီး မိသားစုပုံမှန်ဝင်ငွေ ရရှိသော်လည်း ယခုနှစ်တွင် စိုက်ပျိုးစရိတ်များကြီးမြင့်၍ အမြတ်အစွန်းအနည်းငယ်သာကျန်ရှိကြောင်း ပြောင်းစိုက်တောင်သူ ဦးထွန်းထွန်းလေး ထံမှသိရသည်။
ကျွန်တော်စိုက်ပျိုးတဲ့ပြောင်းမျိုးက ဖန်စီချိတ်ကြီး၊ ပါဖယ်ဝိုက်၊နှင်းဆီဖြူ မျိုးများဖြစ်ပြီး ပြောင်းဖူးစေ့ ၅၀၀ ဂရမ် ၁ထုတ်ကို ငွေကျပ် ၂၇၀၀၀ ပေးရကြောင်း၊ ကြားကြောင်းဆွဲပြီး အစေ့ချစနစ်နဲ့ ပင်တန်းကြား ၂ ပေခွဲ၊ အပင်ကြား ၁ ပေအကွာကြားချပြီးစိုက်ပျိုးကြောင်း၊ အပင်ရက်သား ၂၀ မှာဘောင်လုပ်၊ ရေသွင်း၊ အပင်သန်နဲ့ မြေသြဇာကျွေး၊ ဆေးဖြန်းခြင်းများဆောင်ရွက်ပေးရကြောင်း၊ နတ်တော်လဆန်းမှာ စတင်စိုက်ပျိုးပြီး တပို့တွဲလဆန်းထိ ၂လခွဲဆိုရင် ခူးချိုးလို့ရပြီး ပြောင်းမျိုးတစ်မျိုးစီ အလှည့်ချခူးချိုးရောင်းချကြောင်း၊ မိမိ၏ကိုင်းမြေ တစ်ဧကခွဲမှာ ပြောင်းမျိုးသုံးမျိုးကို အပင်ပေါင်းနှစ်သောင်း ကျော်စိုက်ပျိုး ထားပြီး နှစ်ပတ်လည်အနေဖြင့် နှစ်ကြိမ်စိုက်ပျိုး ကြောင်း၊ လယ်မြေမှာတော့ ဝမ်းစာအတွက် မိုးစပါးကိုတစ်ကြိမ်သာစိုက်ပျိုးအြီး ငရုတ်၊ ခရမ်းချဉ်၊သခွားနှင့် တိုင်ထောင်ပဲများကိုလည်း ရာသီအလိုက် စိုက်ပျိုး ရောင်းချကြောင်း၊ ပြောင်းဖူးတစ်ဖူးလျင် ငွေကျပ် ၂၀၀ မှ ၃၅၀ ကျပ်နှုန်းဖြင့်နေ့စဉ်ပုံမှန် သုံးသောင်းကျပ်ဖိုးခန့်ထိရောင်းရကြောင်း၊ ပန်ဖူးစားပြောင်းများခူးချိုးပြီး ခုတ်ပြီးသားပြောင်းပင် များကို နွားစာအတွက် တစ်ဧကခွဲ အခင်းပြတ် ငွေကျပ်သုံးသောင်းခန့်ရောင်းရကြောင်း နှင့် ယခုနှစ်မှာ မျိုးစေ့ဖိုး၊ ဓါတ်မြေသြဇာ၊ မြေအောက်ရေတင်ရသည့်အတွက်ဆီဖိုး စသည့်စိုက်ပျိုးစရိတ် စျေးနှုန်းများမြင့် တက်လာသည့်အတွက် အရင်းများ၍ အမြတ်အစွန်းအနည်းငယ်သာကျန်ရှိမှာဖြစ်ကြောင်း ချင်းစုရပ်ကွက်မှ ပန်ဖူးစားပြောင်းစိုက်ပျိုးသော တောင်သူ ဦးထွန်းထွန်းလေးကပြောကြားသည်။
ငဖဲမြို့နယ်တွင် ပန်ဖူးစားပြောင်းများကို မြို့မရပ်ကွက်၊ ချောင်းဖြူ၊နယ်ဇော၊အိုးမြေတွင်း၊ ဇီးတော၊ပေါင်းကလေး၊ ပန်းထိန်း၊ ဆင်ချည်တိုင် စသည့်ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြ၍ တစ်မြို့နယ်လုံး အနေဖြင့် ပန်ဖူးစားပြောင်းစိုက်ဧက (၇၀)ကျော်ရှိကြောင်း သိရသည်။
မယု (ငဖဲ)