လှိုင်းဘွဲ ဩဂုတ် ၂၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) တွင် စီမံကိန်းလုပ်ငန်းခွဲများအား သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းအပ်နှံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမြနန္ဒာထွန်းက ဒုတိယနှစ်စက်ဝန်းစီမံကိန်းတွင် ဆောင်ရွက်ခဲ့သောလုပ်ငန်းများအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းက ဒုတိယနှစ် စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သောလုပ်ငန်းများအား သက်ဆိုင်ရာဌာနအသီးသီးသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) တွင် ကျေးရွာအုပ်စု (၇၀) အုပ်စု ကျေးရွာ (၂၀၆) ရွာမှ ရန်ပုံငွေ ကျပ်သန်း (၄၃၃၀) သန်းဖြင့် လမ်းလုပ်ငန်း (၁၃၀)ခု၊ တံတားလုပ်ငန်း (၁၃) ခု၊ ကျေးလက်ရေရှိရေး (၇) ခု၊ ပညာရေးအဆောက်အဦ (၅၅) ခု၊ ကျန်းမာရေးအဆောက်အဦ (၂) ခု၊ ကျေးလက်မီးလင်းရေး (၂၁) ခု၊ ကျေးရွာအဆောက်အဦး(၄) နှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း (၄) ခု စုစုပေါင်းလုပ်ငန်း (၂၃၆) ခုအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်းပြီးစီး၍ ယခုလိုလွှဲပြောင်းပေးအပ်ရခြင်းဖြစ်ကြောင်း သိရပါသည်။
ခင်စန်းမြင့်(ပြန်/ဆက်)