မန္တလေး မတ် ၃၁
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးရပ်ကွက်အလိုက် ပိုးသတ်ဆေးဖြန်းလျက်ရှိကြောင်း ပြည်ကြီးတံခွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလရော်က ပြောကြားသည်။
ပြည်ကြီးတံခွန်မြို့နယ်မှာ ရပ်ကွက်(၁၈)ရပ်ကွက်ရှိပါတယ်။ မြို့နယ်အတွင်းမှာရှိတဲ့ ဈေးတွေ၊ လူစည်ကားတဲ့ နေရာတွေကို အဓိကထားပြီး ဆေးဖြန်းမှုတွေ အရှိန်အဟုန်မပျက် ဆောင်ရွက် နေပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ တံခွန်တိုင် ဈေးနဲ့ နံသာရပ်မှာ လူမှုရေးအသင်းအဖွဲ့များနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပူးဆောင်ပြီး ပိုးသတ်ဆေးဖြန်းမှုတွေ ဆောင်ရွက်နေပါတယ်၊ ဒီနေ့အထိ (၅)ရပ်ကွက် ဆေးဖြန်းပြီးပါပြီ၊ ကျန်ရှိနေတဲ့ ဈေးတွေနဲ့ ရပ်ကွက်များကိုလည်း ဆက်လက် ဆောင်ရွက်နေပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလရော် က ပြောကြားသည်။
မြို့နယ်အတွင်းမှာ စောင့်ကြည့်လူနာ ထားရှိရေး အ.ထ.က(၂၇) ကျောင်း ကို ကြိုတင်ပြင်ဆင် ထားရှိပြီး အရန် အဖြစ် အ.ထ.က(၂၃) နှင့်ကနောင်ခန်းမတွေကိုလည်း လျာထား ဆောင်ရွက် နေပါတယ်။ မြို့နယ်အတွင်းကို ရောက်ရှိလာတဲ့ နေရပ်ပြန်များအား (၁၄)ရက် မဖြစ်မနေ စောင့်ကြည့်မှု ပြုလုပ်ရမှာပါ။ လက်ရှိမှာတော့ နေရပ်ပြန်များကို သံဃာဆေးရုံကို ပို့ဆောင်ပေး လျက်ရှိပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။
ထို့အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ညွန်ကြားချက်များကိုလည်း ပြည်သူများသိရှိအောင် အသိပညာပေးမှုများ ပြုလုပ်လျက်ရှိကာ ဆက်လက်ပြီး သက်ဆိုင်ရာ ဌာနများမှ COVID-19နဲ့ ပတ်သက်တဲ့ အသိပညာပေးထုတ်ပြန်ချက်များကိုလည်း ပြည်သူလူထု အတွင်း ဆက်လက်အသိပညာပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)