မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အိမ်တွင်း ပန်းအလှပြင် သင်တန်းဖွင့်လှစ်

မြောင်းမြ ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ အိမ်တွင်းပန်းအလှပြင်သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ပန်းအလှပြင်သင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြောင်းမြမြို့ စိုက်ပျိုးရေး သိပ္ပံကျောင်းတို့ ပူးပေါင်း၍ အိမ်ရှင်မများ မိမိတို့အိမ်တွင်း ပန်းအလှဆင်လုပ်ငန်းများ တတ်မြောက်ခြင်းဖြင့် စိတ်အပန်းပြေစေပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေအထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းတွင် စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ် ဆရာမကြီး ဒေါ်အေးအေးမြင့်က သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်စုမြတ်ခိုင်က ပန်းအလှပြင်ရာတွင် လိုအပ်သည့် ပန်းအရွယ်အစား၊ ပန်းထိုးပုံသဏ္ဌာန်၊ လှပအောင်ပန်းအရောင်ရောစပ်ယူပုံ၊ မိမိထိုးမည့်ပုံစံနှင့်လိုက်ဖက်အောင် ပန်းအရိုးအရှည် ဖြတ်ယူပုံ၊ ရွက်လှအစိမ်းများကို လှပအောင် ဖြတ်ညှပ်ယူပုံများကို ရှင်းလင်း ပြောကြား ပြီးနောက် လက်တွေ့ပန်းအလှထိုး ပြသသင်ကြားခဲ့ကြောင်း သိရသည်။

သင်တန်းသို့ ဌာနဆိုင်ရာ သင်တန်းသူသင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

(မြောင်းမြခရိုင်ပြန်ဆက်)