(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သာမိုးတောင်အောက်ကျေးရွာ၌ လျှပ်စစ် မီးလင်းရေးဖွင့်ပွဲအခမ်းအနားကျင်းပ

လိပ်သို  ဖေဖော်ဝါရီ   ၁၃

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ၊ သာမိုးတောင်အောက်ကျေးရွာ၌   လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ  အခမ်းအနားကို  ယမန်နေ့က   ကျင်းပခဲ့ကြောင်းသိရသည်။

ဖွင့်ပွဲ အခမ်းအနားတွင်  သာမိုးတောင်အောက်ကျေးရွာမှ  ကက်သလစ်ဘုန်းတော်ကြီး၊ သံတောင်ကြီး မြို့နယ် ကျေးလက်ဦးစီးမှူး၊ လိပ်သိုမြို့ လျှပ်စစ်မှူးတို့က  ဖဲကြိုးဖြတ်ဖွင့်လှစ်  ပေးခဲ့သည်။ မီးလင်းရေး ဖွင့်ပွဲနှင့်အတူ  အားကစားပြိုင်ပွဲများ  ကျင်းပရာ ဆုရှိသောသူများအား  ဆုချီးမြှင့်ခြင်းနှင့်  ညစာစားပွဲ အခမ်းအနားကိုလည်း   တစ်ပြိုင်တည်း ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုနယ်မြေတွင်  နိုင်ငံတော်မှ   ကျေးရွာပေါင်း  (၂၂)ရွာအား   လျှပ်စစ်မီးရရှိရေး  ဆောင်ရွက် ထားရှိပြီး  ဖြစ်သော်လည်း   ယခုအခါ  သာမိုးတောင်အောက်ကျေးရွာသည်   အဋ္ဌမမြောက်  လျှပ်စစ်မီး ရရှိ၍  ဖွင့်ပွဲပြုလုပ်နိုင်သော   ကျေးရွာဖြစ်ကြောင်း  နှင့်  နိုင်ငံတော်မှ   ၁၁ ကေဗွီဓါတ်အားလိုင်း၊  ၁၀၀ ကေဗွီ ထရန်စေဖာ်မာ(၁)လုံး  ပံ့ပိုးပေးခဲ့ပြီး ၊ ၄၀၀ဗို့အား   ၀.၈၃မိုင် ဓါတ်အား လိုင်း သွယ်တန်းခြင်းကို   ကျေးရွာနေပြည်သူများမှ   ကိုယ်ထူကိုယ်ထဆောင်ရွက်  ခဲ့ပြီး  ယခုအခါ   (၂၄)နာရီ  လျှပ်စစ်ဓါတ်အား   ဖြန့်ဖြူးပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း   လိပ်သိုမြို့  လျှပ်စစ်မှူး  ဦးချစ်ကိုကို ထံမှ  သိရသည်။ 

နော်နီလာအေး  (ပြန်/ဆက်)