ပွင့်ဖြူ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက် ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ အာရ်စီနှစ်ထပ် စာသင်ကျောင်းဆောင် အဆောက်အအုံသစ် ဆောက်လုပ်နေမှုအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးအတွက် မြေပြင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းဆောင် အဆောက်အအုံသစ် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၀၇ ဒသမ ၄၈ သန်းဖြင့် ရွှေမန်းဆောက်လုပ်ရေး ကုမ္ပဏီက တင်ဒါစနစ်ဖြင့် တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်ကြောင်းနှင့် ယခုအခါ စာသင်ကျောင်းဆောင်အဆောက်အအုံသစ်မှာ ၆၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဆောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာ တာဝန်ယူ ဆောက်လုပ်သည့် ရွှေမန်း ဆောက်လုပ်ရေး ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ ဦးထွန်းရှိန်နှင့် လုပ်ငန်းခွင် အင်ဂျင်နီယာ ဦးဇော်မင်းတို့က လက်ရှိတည်ဆောက်ရေး လုပ်ငန်းပြီးစီးမှု အခြေအနေနှင့် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး ဆက်လက်ဆောက်လုပ်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက စာသင်ကျောင်းဆောင် အဆောက်အဦနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုအပေါ် ကျောင်းဆောင် အဆောက်အအုံအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်နှင့် ရေရှည်တည်တံ့ကောင်းမွန် စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)