ရေနံချောင်းမြို့၌ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကျင်းပ

ရေနံချောင်း ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်ဘောလုံး အဖွဲ့ချုပ်နှင့် လင်းကမ္ဘာဖူဆယ်မိသားစုတို့ ပူးပေါင်းကျင်းပသည့် မြို့နယ်အားကစားနှင့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံး ပြိုင်ပွဲနှင့် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲများ ဖွင့်ပွဲခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဘူးကျွန်း(အရှေ့) ကျေးရွာရှိ လင်းကမ္ဘာဖူဆယ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်က စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ပြိုင်ပွဲဝင်များအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပြိုင်ပွဲပြီး ဆုံးသည်အထိ ပါဝင်ယှဉ်ပြိုင် ကစားကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်ဘောလုံးကန်ပေးကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ရေနံချောင်းမြို့နယ်၌ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်း ၂၈ သင်းက လင်းကမ္ဘာဖူဆယ် ဘောလုံးကွင်းတွင် လည်းကောင်၊ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲတွင် အသင်း ၂၅ သင်းက မြို့နယ်အားကစားရုံတွင် လည်းကောင်း ပါဝင်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးသူအောင်