ဟင်္သာတမြို့နယ်တွင်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားနှင့် ကတ္တရာလမ်းသစ် ဖွင့်ပွဲကျင်းပ

 

                                                ဟင်္သာတ  ဖေဖေါ်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ဟင်္သာတမြို့၊ မြို့နယ်ပြည်သူ့ အားကစားကွင်းတွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီ ခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်သန်းဝင်းမှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂ဝ၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်း၊ အခြေခံပညာကျောင်းများတွင် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျဘမ်းစကားပြောနှင့် စောင်းပါး ပြိုင်ပွဲများတွင် ဆုများရရှိကြသော ကျောင်းသား/သူများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်၊ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး နေဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဆန်းလွင်နှင့် တာဝန်ရှိသူများတို့မှ ဆုများအသီးသီး ချီးမြှင့်တို့ကို ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား/သူများမှ တိုင်းရင်းသားအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားသို့  ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပြည်သူများ စုစုပေါင်း (၂ဝဝ)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဆင-နဂျီကုန်း-ကညင်ကောက် ကတ္တရာလမ်းဖွင့်ပွဲကို တက်ရောက်ခဲ့သည်။ လမ်းသစ်ဖွင့်ပွဲတွင် ခရိုင်ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ လမ်းနှင့်ပတ်သက် သော အချက်အလက်များနှင့် ပတ်သက်ပြီးရှင်းလင်းတင်ပြကာ ကျေးရွာပြည်သူလူထုကိုယ်စား ဒေသခံတစ်ဦး မှ ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် လမ်းသစ်မုခ်ဦးရှေ့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းအဖွဲ့ဝင် (၁ ) ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က ဖတ်ကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး လမ်းသစ်တစ်လျှောက် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယခုဖွင့်လှစ်ခဲ့သော ပဆင-နဂျီကုန်း-ကညင်ကောက်လမ်းကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ကတ္တရာလမ်းအမျိုးအစားဖြစ်ကာ လမ်းအရှည် ၁/၁မိုင်နှင့် လမ်းအကျယ်၁၂ပေဖြင့် (၂၇-၈-၂၀၂၁)ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ပြီးစုစုပေါင်းကုန်ကျငွေ (၂၇၂.၈၄)သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် လမ်းဦးစီးထံမှသိရသည်။

ကိုဇော်-ဟင်္သာတ