မင်းဘူး ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ယနေ့ တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မင်းဘူးမြို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ပေးခဲ့ပြီးနောက် တက်ရောက်လာကြသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ခေါင်ဆောင်ကြီးများနှင့် ရဲဘော်အပေါင်း တို့အား အလေးပြုခဲ့ကြသည်။
ထို့နောက် သဝဏ်လွှာဖတ်ကြားခြင်း အစီအစဉ်ကို နံနက် ၇ နာရီ ၄၀ မိနစ်အချိန်တွင် ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)