အိမ်မဲ ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အ.ထ.က(၁)ကျောင်း ရွေညီလာခန်းမတွင် အိမ်မဲမြို့နယ်ကြက်ခြေနီအသင်း (ခွဲ)နှင့်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း ၁/၂၀၂၂ နှင့် ၂/၂၀၂၂ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ နိုင်ငံတော်အလံအား အလေးပြု ခဲ့ကြပြီး ကြက်ခြေနီသစ္စာအဓိဋ္ဌာန်တို့ကို သီဆိုခဲ့ကြသည်။
ထို့နောက် အိမ်မဲမြို့နယ်ကြက်ခြေနီအသင်း(နာယက)၊ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်၊ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ခင်ဝင်းနှင့် မြောင်းမြခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ခရိုင်တပ်ဖွဲ့မှူးဦးတင်ဦးတို့က သင်တန်းဆင်း အမှာစကားများအသီးသီး ပြောကြားခဲ့သည်။
ဆက်လက်ပြီး ရှေးဦးပြုစုခြင်းအခြေခံသင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား/သူများ၊ သင်တန်းသားများအား အမှတ်တရလက်ဆောင်များနှင့် သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)