ဘားအံ၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

 

ဘားအံ ဖေဖော်ဝါရီ ၁

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်း၊ ဒုံးစင်မြင့်၌  စည်ကားသိုက် မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ နံနက် ၅ နာရီ  မိနစ် ၃၀ အချိန်တွင် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီးမျိုးမင်းနောင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အလံစောင့်တပ်ဖွဲ့နှင့် အလံတင်တပ်ဖွဲ့တို့က နိုင်ငံတော်အလံကို တိုင်ထိပ်သို့လွှင့်တင်ကာ တက်ရောက်လာသူများက နိုင်ငံတော်အလံကို အလေးပြုကြသည်။

ထို့နောက် နံနက် ၇ နာရီခွဲအချိန်တွင် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာ ဖတ်ကြားသည့်အခမ်းအနားကို သီရိကွင်းဒုံးစင်မြင့်၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဖိတ်ကြားထား သောဧည့်သည်တော်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်နယ်အတွင်းမှီတင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ စုံလင်စွာတက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊ ကျဆုံးလေပြီး သောအာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်း တို့အား အလေးပြုကြသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့သဝဏ်လွှာကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ခေတ္တ ဝန်ကြီးချုပ် ဗိုလ်မှူးကြီးမျိုးမင်းနောင်က ဖတ်ကြားပြီး ခေတ္တဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် တက္ကသိုလ်အဆင့်၊ ဒီဂရီကောလိပ်အဆင့်နှင့် အခြေခံပညာအဆင့် စာစီစာကုံး၊ ကျပန်းစကားပြော၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ခေတ္တဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တက်ရောက် လာသူများသည် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ပြခန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မှုပြခန်းများအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြသည်။

(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနာသို့ တက်ရောက်လာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ရခိုင်၊ ဗမာ၊ မွန်၊ ရှမ်း၊ ပအိုဝ်း၊ ကရင် အစရှိသည့် တိုင်းရင်းသားရိုးရာအစားအစာ စတုဒိသာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အထိမ်းအမှတ်အား ကစားပြိုင်ပွဲများ၊ တိုင်းရင်းသားယဉ်ကျေးမှုပဒေသာအကအလှများ၊ ဂုဏ်ပြုကြိုဆိုသောအားဖြင့် လမ်း၊တံတား အခြေခံအဆောက်အဦဖွင့်ပွဲများဖြင့် (၇၅) နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို  အနှစ်သာရပြည့်ဝပြီး စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)