ကန်ကြီးထောင့် ဖေဖော်ဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားအား ယမန်နေ့ နံနက်၅နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း၌ ကျင်းပလုပ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ခွဲနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများကနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ၊ ရဲဘော်အပေါင်းတို့အား တက်ရောက်အလေးပြုခဲ့ကြသည်။
ဆက်လက်၍ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားအား နံနက်၇နာရီအချိန်တွင် ဧရာသိရိသုခခန်းမ၌ ဆက်လက်ပြုလုပ်ရာ အခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်ကဖတ်ကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ် ဇင်မာဦးနှင့် ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)