မြိတ် ဖေဖော်ဝါရီ ၁၃
အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုက်ကျော်ခြင်း မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်း လာစေရေးအတွက် Township Sports Development Program အစီအစဉ်ဖြင့် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ(၁၂)ရက် နံနက်ပိုင်းက မြိတ်ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပရာ တောင်ပေါ်သားကလပ်အသင်းနှင့် မွန်စု ကလပ် အသင်းတို့ အကျိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အားကစားဝါသနာရှင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် တောင်ပေါ်သားကလပ်အသင်းက မွန်စုကလပ်အသင်းအား နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပခဲ့ရာ ဒုတိယရရှိသော မွန်စုကလပ်အသင်းအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးသောင်းအေးနှင့် ပထမရရှိသောတောင်ပေါ်သားကလပ်အသင်းအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ငွေစိုးတို့က ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထိုနောက် ပထမရရှိ သော အသင်းအား မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ဌေး က တံခွန်စိုက် ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။
ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၈)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား(၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါပြိုင်ပွဲအား ဇန်နဝါရီလ(၃၁)ရက်မှစတင်ကာ အုပ်စုပတ်လည်ပွဲစဉ်များဖြင့် ကျင်းပခဲ့ ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။