ကျွန်းစု ဖေဖော်ဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို မြကျွန်းသာပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို နံနက်(၅)နာရီ မိနစ်(၃၀)အချိန်တွင် ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကာ နိုင်ငံတော်အလံ၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား တက်ရောက်လာသူများက စုပေါင်းညီညာ စွာ ဦးညွှတ်အလေးပြုခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ် ပြန်/ဆက် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ပြီး နံနက်(၇)နာရီ မိနစ်(၄၀)အချိန်တွင် သဝဏ်လွှာ ဖတ်ပွဲကို ဆက်လက်ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့မှ ဦးဆောင်၍ နိုင်ငံတော်အလံနှင့် အာဇာနည် ခေါင်းဆောင်ကြီးများအား တက်ရောက်လာသူများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုခဲ့ ကာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၂၀၂၂)ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။
စည်သူရအောင်(Kyunsu)