(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ မြိတ်မြို့တွင် ကျင်းပ

မြိတ်  ဖေဖော်ဝါရီ   ၁၂

(၇၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားကို နိုင်ငံတဝှမ်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့မအားကစား ကွင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို နံနက်(၅)နာရီခွဲက ကျင်းပရာ နိုင်ငံတော်အလံအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်၍ အလံတိုင်ထိပ်သို့လွှင့်ထူခဲ့ကြပြီး မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇောနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်း ဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။

ဆက်လက်ပြီး နံနက်(၇)နာရီ မိနစ်(၄၀)အချိန်၌ သဝဏ်လွှာဖတ်ပွဲကျင်းပရာ  နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတောဝန်ကြီးချုပ်ထံမှ ပေးပို့သော (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား မြိတ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးဉာဏ်ဇော် က ဖတ်ကြားခဲ့သည်။

အခမ်းအနားသို့ မြိတ်ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာန ဆိုင်ရာအကြီးအကဲများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား မြိတ်ခရိုင်ရုံး ဝန်ထမ်းများမှ ဝေငှခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက် )