(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပပြုလုပ်

ကျောက်ကြီး ဖေဖော်ဝါရီ ၁၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပညာရေးဌာနတို့နှင့် ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ သည်။

 အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးတင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သော်ဇင်အောင်က ယခုလိုပြိုင်ပွဲများအား ပညာရေးဌာနမှာကျင်းပသလို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွေမှာလည်း အမြဲမပြတ် ကျင်းပပြုလုပ်ပေးလျှက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများအနေဖြင့် ပြည်ထောင်စုနေ့နှင့်ပတ်သက်ပြီး ဗဟုသုတတွေတိုးပွားစေရန်၊ ပြည်ထောင်စုရဲ့အနှစ်သာရများကို ယနေ့ ကျောင်းသားကျောင်းသူများရဲ့ ရင်ထဲမှာ ကိန်းအောင်းနေစေရန် ကျောင်းသား/ကျောင်းသူများ၏ စွမ်းရည်၊ ပြိုင်ပွဲအတွေ့အကြုံရရှိစေရန်၊ နှုတ်မှုစွမ်းရည်ပြည့်ဝစေရန် ရည်ရွယ်၍ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက(ခွဲ) ပဲခူးရပ်၊ အထက(ခွဲ) သံဘိုကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ (၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ ကြပြီး၊ ပြိုင်ပွဲ၌ ဆုရကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ပြသ ထားရှိမှုများအား လေ့လာကြည့်ရှုခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)