တနင်္သာရီတိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂)ကျင်းပ

ထားဝယ် ဖေဖော်ဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကိုယမန်နေ့ နံနက် ၁၁ နာရီက ထားဝယ်မြို့၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်တိုင်းဒေသကြီးကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုး မျိုးရိုးဗီဇအသစ် အိုမီခရွန်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများသိရှိအောင် ခေါ်ယူ၍ တွေ့ဆုံဆွေးနွေး ပွဲပြု လုပ်ရခြင်းဖြစ်ကြောင်း၊ ကော့သောင်းနှင့်မြိတ်ခရိုင်များတွေ့ဆုံဆွေးနွေးပြီးဖြစ်၍ ထားဝယ်ခရိုင်အနေဖြင့် တိုင်းဒေသကြီးအစိုးရနှင့် ပေါင်းစပ်၍ ညှိနှိုင်းဆွေးနွေးပေးစေလိုကြောင်း၊ ပြီးခဲ့သောတစ်ပတ်အတွင်း၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၁၂ ဦးတွေ့ရှိခဲ့ပြီးကုသဆဲအနေဖြင့် ၇၁ ဦး ရှိခဲ့ကြောင်း၊ တက်ရောက်လာသော ဌာနဆိုင်ရာများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိတိ ကျကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ပြည်သူများသိရှိလိုက်နာရေးအတွက် လက်ကမ်းစာစောင်များဖြင့် အသိပညာ ပေးရေးကြက်ခြေနီတပ်ဖွဲ့များပရဟိတလူငယ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းဆွေးနွေး ပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ် ချက်များ (Version-7)နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာသော ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက် လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းဆွေးနွေးအကြံပြုရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)