တောင်တွင်းကြီး ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်မှ ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်း ဆောင်ရွက်တက်စေရန်၊ ကောင်းသော ယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ မြန်မာစကားပုံဆက် ပြိုင်ပွဲ၊ အင်္ဂလိပ်စကားလုံးဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စကောရွက်ပြိုင်ပွဲ၊ ကြက်ဥကောက်၊ ဂေါ်လီဇွန်းကိုက်၊ ကြိုးထိုးပြိုင်ပွဲ၊ ပူစီဖောင်းဖောက်ပြိုင်ပွဲ၊ ပူစီဖောင်းမှုတ်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ စသည့်ပြိုင်ပွဲ(၁၄)ပွဲတွင် ပထဆု၊ ဒုတိယဆု၊ တတိယ ဆုနှင့် အထူးဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ (၄၀) ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့် တာ၀န်ရှိသူများ က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နိုင်ဝင်း(တောင်တွင်းကြီး)