ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် လူမှုကူညီရေးအသင်းအဖွဲ့ (Volunteer)များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပ

လောင်းလုံး ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ယနေ့ နံနက် (၁၀)နာရီ အချိန်က မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့ (Volunteer)များနှင့် တွေ့ဆုံ၍ အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်မှ အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားစဉ်က သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ ပြည်သူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့ (Volunteer) များ၏ အင်တိုက်အားတိုက် ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့မှုများအား ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဦးစွာပထမ ပြောကြားလိုပါကြောင်း၊ လက်ရှိအချိန်တွင်လည်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့ပွားမှုများ တော်တော်များများ ပြန်လည်ဖြစ်ပွားလာသည်ကို ကြားသိနေရပြီ ဖြစ်ပါသဖြင့် ရောဂါဖြစ်ပွားမှု မရှိသေးမီ မိမိတို့ရပ်ကွက်/ ကျေးရွာများအလိုက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အသိပညာပေး စည်းရုံးနှိုးဆော်မှုများ ပြုလုပ်ကြစေလိုကြောင်း၊ ရောဂါ ဖြစ်ပွားလာချိန်တွင် ဆောင်ရွက်မည့် Quarantine Centre များအား စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြစေလိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များအား သိရှိလိုက်နာ ဆောင်ရွက်ကြ စေလိုပါကြောင်း၊ ယခုအခါ ကျေးရွာနေရာ အတော်များများတွင် Mask တပ်ဆင်ထားခြင်းမရှိဘဲ သွားလာနေထိုင် လုပ်ကိုင်ဆောင်ရွက် နေကြသည်များကိုလည်း တွေ့ရှိနေရပါ၍ ပေါ့ပေါ့ဆဆ နေထိုင်ကြခြင်းမျိုး မရှိစေရေး အသိပညာပေး ဆောင်ရွက်ကြ စေလိုကြောင်း၊ တက်ရောက်လာ ကြသည့် အသင်းအဖွဲ့များမှလည်း ဝိုင်းကူညီ နှိုးဆော်စည်းရုံး ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် တက်ရောက် လာကြသူများမှလည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြ ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအစည်းအဝေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းကို၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး Dr.မင်းညွန့်ဝင်းနှင့် မြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်း (Volunteer)များ တက်ရောက်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)