ပွင့်ဖြူမြို့နယ်၌ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန် သီးနှံအခြေခံ တန်ဖိုး မြှင့်စားသောက်ကုန် ထုတ်လုပ်နည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

ပွင့်ဖြူ   ဖေဖော်ဝါရီ  ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ဒေသခံကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်‌‌ငွေ‌တိုး လုပ်ငန်းများဆောင်ရွက်လုပ်ကိုင်နိုင်ရန်အတွက်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်၍ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးသည့် သင်ခန်းစာများကို လက်တွေ့ အသုံးချကာ လုပ်ကိုင်ဆောင်ရွက်ကြရန် ‌  ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  သင်တန်းနည်းပြ ဆရာမ ဒေါ်ခင်စိုးစိုးစံက သင်တန်းတွင် လေ့ကျင့်သင်ကြားပေးခဲ့သော အခြေခံ တန်ဖိုးမြှင့် ဒေသထွက် သီးနှံစားသောက်ကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သွားကြစေလိုကြောင်းနှင့် လက်တွေ့လုပ်ငန်းဆောင်ရွက်ရာ၌ အခက်အခဲများ ကြုံတွေ့ပါက ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက်  တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းနည်းပြဆရာများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုနှင့် သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့် ခဲ့သည်။

အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းတွင် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်များဖြစ်သည့် ကျောက်ဖရုံယိုပြုလုပ်နည်း၊ သင်္ဘောသီးယို ပြုလုပ်နည်း(အချို/အစပ်)၊ ငှက်ပျောကြော်ပြုလုပ်နည်း၊ မကျည်း ဖျော်ရည်(အဆီ)ပြုလုပ်နည်း၊ မကျည်းဆော့ပြုလုပ်နည်း၊ ရှားစောင်းလက်ပတ်ဖျော်ရည်ပြုလုပ်နည်း၊ ချဉ်ပေါင်ဖျော်ရည် ပြုလုပ်နည်း စနစ်များကို ဖေဖော်ဝါရီ ၅ ရက်နေ့မှ ၁၁ ရက်နေ့ အထိ (၇)ရက်ကြာ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)