ပလောက်မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပလောက်  ဖေဖော်ဝါရီ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် ပလောက်ဆေးတပ်ဖွဲ့မှ ဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေသီလာရတနာခန်းမ၌ စနစ်တကျ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၈)နှစ် နှင့်အထက် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများ၊ (ဒုတိယအကြိမ်) ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသူ ပြည်သူများ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စနစ်တကျထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)