ပခုက္ကူ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် Quarantine Center များ စနစ်တကျကြိုတင်ပြင်ထားရှိနိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပခဲ့ သည်။
အစည်းအဝေးတွင် ပခုက္ကူမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ များပြားလာသည့်အတွက် Quarantine Center များ စနစ်တကျ ကြိုတင်ပြင်ထားရှိရေး၊ အသိပညာပေး နှိုးဆော်ရေးလုပ်ငန်းများ၊ စည်ပင်ဈေးနှင့် ယာယီပျံကျဈေးများအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် လည်းကောင်း၊ နေအိမ်ပြင်ပ ထွက်ခွာသွားလာရာတွင် လည်းကောင်း၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများ ပုံမှန်လည်ပတ်အောင် ဆောင်ရွက်လုပ်ကိုင်ရာတွင်လည်းကောင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်သွားလာ လုပ်ကိုင်စေရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်မှ ၁၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါလူနာ ပိုးတွေ့ရှိမှု၊ ရောဂါပိုးတွေ့ရှိ သူများအား ဆေးရုံကြီးရှိ ကိုဗစ်ပိုး တွေ့လူနာသီးသန့်ဆောင် (Isolation Ward) တွင် ဆေးကုသမှုခံယူစေ သည့် အခြေအနေများ၊ မြို့နယ်အတွင်း Quarantine Center များ စနစ်တကျ ကြိုတင်ပြင်ထားရှိရေးနှင့် ဒေသခံစေတနာ့ ဝန်ထမ်းများ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ရေး၊ ကာကွယ်ဆေး ထိုးနှံပေးနေမှုနှင့် RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးနေမှု အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးပြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီအသင်း၊ ဒေသခံစေတနာ့ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အကြောင်းတို့ကို အပြန်အလှန်ဆွေးနွေးကြသည်။
ပခုက္ကူမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် ၅၂ ဦး စစ်ဆေးကြရာ ၁၀ ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး လက်ရှိအချိန်အထိ ကိုဗစ်ပိုးတွေ့အတည်ပြုလူနာ ၁၅၁၃ ဦး အထိ ရှိလာကြောင်း သိရသည်။
အောင်ဇော်(ပြန်/ဆက်)