ကော့သောင်း သြဂုတ် ၂၇
ကော့သောင်းမြို့နယ်အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး ကြပ်မတ်စစ်ဆေးမှုများ ယခုရက်ပိုင်းအတွင်း အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နယ်စပ်မြို့ဖြစ်သည့် ကော့သောင်းမြို့တွင် မြို့နယ် ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ရေလမ်းခရီးမှ ညအချိန် ပြည်ပမှနယ်စပ်ဖြတ်ကျော်တရားမဝင် ဝင်ရောက်မှုများမရှိစေရေးနှင့် ည ၁၁ နာရီနောက်ပိုင်း မြို့တွင်းလမ်းများပေါ် စည်းကမ်းမဲ့သွားလာနေသူများအား လှည့်ကင်းပတ်ကင်း ဝပ်ကင်းများဖြင့် ကြပ်မတ်စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နေပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ စည်းကမ်းချက်များကို လေးစားလိုက်နာကြရေး ရောဂါကူးစက်မှုမဖြစ်ပွားစေရေး လူစုလူဝေးရှောင်ရှားမှုဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရေး အသိပေးနှိုးဆော်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ကော့သောင်း(ပြန်ဆက်)