ပွင့်ဖြူ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မုန်းသီတာခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ် ကင်းဝေးစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ မျိူးကွဲသစ်အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် Mask Campagian လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် မိမိတို့မြို့နယ်အနေဖြင့် ကာကွယ်ဆေးထိုးနှံမှုမှာ ၅၀% အောက် ဖြစ်နေ၍ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသည့် ပြည်သူများကို ကာကွယ်ဆေး မထိုးမီ ကြိုတင်စာရင်းကောက်ယူပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အသိပညာပေးနှိုးဆော်ခြင်း၊ ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အရှိန်အဟုန်မြှင့်တင်အားထည့်၍ ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ထို့မနာက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးစိုးနိုင်က ထပ်ဆောင်းကာကွယ်ဆေး Booster Dose အဖြစ် ရုရှားနိုင်ငံထုတ် Sputnik Light (တစ်ကြိမ်သာထိုးနှံရသော) ကိုဗစ်ကာကွယ်ဆေးကို ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးရသေးသည့် အသက်၅၀နှစ်အထက် ပြည်သူများနှင့် Booster Dose ထိုးနှံမည့် နိုင်ငံ့ဝန်ထမ်း များကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဆေးထိုးရန် ကျန်ရှိသည့် ပြည်သူများ၊ ကျောင်းသားများနှင့် နိုင်ငံ့ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးပေးနှံရေးတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကျေးရွာများအရောက် ကွင်းဆင်းပြီး ဆေးထိုးပေးမည့် လုပ်ငန်းအစီအစဉ်များ၊ ဆေးထိုးပြီး/မပြီး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြ ကြရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ခင်ဝါဝါလှိုင် (ပြန်/ဆက်)