ဖြူး ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇီးခုံကျေးရွာအုပ်စု၊ ကရင်ကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် 33/11KV-20MVA ဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ထားသော 11KV မုန်းဖီဒါကရင်ရွာ (၁)မှ Tap Off ယူ၍ 100KVA ထရန်စဖော်မာနှင့် 11 KVလိုင်း (၀.၃၆)မိုင်အား ၂၀၂၀-၂၀၂၁ ပြည်ထောင်စုဘတ်ဂျက်ဖြင့် နိုင်ငံတော်မှ ရင်နှီးမြှုပ်နှံမှု (၂၅.၇)ကျပ်သန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာ ပြီးစီးသွားပြီဖြစ်သောကြောင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးလင်းရေးဖွင့်ပွဲကို ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က အဆိုပါ ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မီးလင်းရေးဖွင့်ပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာ စကားပြောကြားရာတွင် ကျေးရွာဒေသများအနေဖြင့် ယခုလိုလျှပ်စစ်မီးရလာပြီဖြစ်တာကြောင့် ကျေးရွာဖွံ့ဖြိုးရေးမှာ အသေးစားလုပ်ငန်းများအတွက် များစွာအထောက်အကူ ရှိလာမှာဖြစ်ပါ ကြောင်း ပညာရေး၊ လူမှုရေး၊ စီးပွားရေး စတာတွေအတွက် အသုံးပြုလာနိုင်မှာဖြစ်ကြောင်းနှင့် နိုင်ငံတော်မှ ဆောင်ရွက်ပေးသည့် ကျေးရွာလျှပ်စစ်မီးရရှိမှုအတွက် ထိန်းသိမ်းစောင့်ရှောက် ကြရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ ဖြူးမြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်မြင့်ကြည်က ကျေးရွာလျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်မီး ကို အန္တရာယ်ကင်းစွာ သုံးစွဲရမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဇီးခုံကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်အောင်က ကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် ကျေးဇူးတင် စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ကျေးရွာမီးလင်းရေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး လှမျိုးသိန်း၊ ဖြူးမြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်မြင့်ကြည်နှင့် ကျေးရွာ မီးလင်းရေးကော်မတီဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကရင်ကျေးရွာတွင် မီးလင်းရေးအတွက် နိုင်ငံတော်မှ 11KV လိုင်း (၀.၃၆) မိုင်သွယ်တန်း ပေးမှုနှင့် 100KVA ထရန်စဖော်မာကို ဆောင်ရွက်ပေးပြီး ကျေးရွာအတွင်း 400V လိုင်းကိုသာ ကျေးရွာမှ စုပေါင်းအားဖြင့် ဆောင်ရွက်ရတာဖြစ်ကြောင်းနှင့် ကျေးရွာရှိ အိမ်ခြေ(၃၈)လုံးအတွက် သာမက လုံလောက်စွာ ရရှိနိုင်ပြီး လက်ရှိအိမ်သုံးမီတာ (၂၀)လုံးဖြင့် အိမ်ခြေ(၂၀)သာ အသုံးပြု နေသေးလျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
နေမျိုးလွင်(ပြန်ဆက်)