ဘုတ်ပြင်းမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့ အနားယူအစားထိုးရွေးချယ်ပွဲ အခမ်းအနားကျင်းပ

ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ၂၅ ရာခိုင်းနှုန်း အနားယူ၊ အစားထိုးခြင်းရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ဘုတ်ပြင်းမြို့ မာန်အောင်ပရိယတ္တိ စာသင်ကျောင်းတိုက်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ကြွရောက်လာသော တိုင်းသံဃနယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်များ၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး အခမ်း အနားအား စတင်ခဲ့သည်။ ကြီးကြပ်ရေးအဖွဲ့၏ အကျိုးတော်ဆောင်ဆရာတော် ဦးအာလောကမှ  အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး အစည်းအဝေး အစီအစဉ်များအား ဖတ်ကြား လျှောက်ထား ကာ၊ အစည်းအဝေး သဘာပတိဆရာတော် တိုင်းသံဃနယကဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တနာရဒက အစည်းအဝေး အဖွင့်ဩဝါဒကထာမြွက်ကြားပြီး ဘုတ်ပြင်းမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးရဲလင်းဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ထို့နောက် အခမ်းအနားမှူး ဆရာတော်မှ မြို့နယ်အဆင့်အဆင့် ဆရာတော်မှ အနားယူခြင်း ဆိုင်ရာ လုပ်ငန်းများ စီမံချက်အရအနားယူသော ဆရာတော်များ၏ ဘွဲ့အမည်စာရင်းများ ကြေညာကာ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသော သက်ဆိုင်ရာ နယ်မြေအလိုက် အမည် စာရင်း တင်သွင်းမည့် အဆိုရှင် မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်မှ အစည်းအဝေးသို့ တင်သွင်း ခဲ့သည်။

မြို့နယ်သံဃ့နာယကအဖွဲ့ ရွေးချယ်ဖွဲ့စည်းခြင်းအား လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက် ခဲ့ရာ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဖြစ် ဘုတ်ပြင်းမြို့နယ် ခဲမိုင်းကျေးရွာ ရတနာ ရာမကျောင်း ဆရာတော် ဦးပညာသီရနှင့် အဖွဲ့ဝင် ဆရာတာ်များအား ရွေးချယ်ခဲ့ကြသည်။

ဆက်လက်၍ အသစ်ရွေးချယ် တာဝန်ပေးအပ်သည့် မြို့နယ်သံဃာအဖွဲ့ ဆရာတော်(၇)ပါးအမည် စာရင်းအား ဖတ်ကြားအတည်ပြု ကြေညာပေးကာ သဘာပတိဆရာတော်မှ နိဂုံးချုပ်ဩဝါဒကထာ မြွက်ကြားပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)