ဖောင်းပြင် ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပိုးစာကုန်းကျေးရွာမှ တောင်သူအများစုသည် ယခုနှစ် ဆောင်းသီးနှံ များ ရိတ်သိမ်းပြီးချိန်၌ သီးထပ်စနစ်အနေဖြင့် ဆီစားသုံးမှု ဖူလုံစေရေးအတွက် ဆီနေကြာများကို စိုက်ပျိုးခြင်း အလေ့အထများ ရှိလာကြကြောင်း သိရသည်။
ယခင်နှစ်များစွာက ဆောင်းသီးနှံများကို ရိတ်သိမ်းပြီးချိန်တွင် သီးထပ်စနစ်ကို စိုက်ပျိုးကြခြင်း မရှိသော်လည်း ယခင်နှစ်က ဆီနေကြာကို စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းခဲ့သည့် အတွက် ယခုနှစ်တွင် ပိုမိုစိုက်ပျိုးကာ အခြားတောင်သူများမှာလည်း အများအပြား စိုက်ပျိုး လာကြကြောင်း တောင်သူဦးတင်အောင်ထံမှ သိရသည်။
“ကျွန်တော်တို့ ကျေးရွာက မိုးရာသီဆိုရင် မြစ်ရေဝင်လေ့ရှိတာကြောင့် ဆောင်းသီးနှံကို မြေနှိမ့်ပိုင်းမှာရှိတဲ့ တောင်သူအများစုက အောက်တိုဘာလဆန်းပိုင်းမှာ စတင်စိုက်ကြတာပါ။ ရိတ်သိမ်းချိန်ကတော့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းမှာ အများဆုံးရိတ်သိမ်းကြတာ ဖြစ်ပါတယ်။ သီးထပ်အနေနဲ့ပြန်စိုက်ဖို့ အချိန်မီ တာကြောင့် မြေအစိုဓာတ်အနည်းငယ်ရှိရုံနဲ့ အောင်မြင်တဲ့ ဆီနေကြာကို ပြီးခဲ့တဲ့နှစ်က စပြီးစမ်းစိုက်တာ အပင် ဖြစ်ပြီးတဲ့ နေကြာပင်တိုင်းက အစေ့ အဆန်အောင်မြင်တယ်ဗျ။ နေကြာမျိုး ၄ ပြည်စိုက်လိုက်တာ အစေ့ ၁၂ တင်းရခဲ့ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ပိုပြီးစိုက်ပါတယ်။ အခြားတောင်သူတွေကလည်း ဒီနှစ်မှာအတော်များများ စိုက်လာကြပါတယ်” ဟု ပိုးစာကုန်း ကျေးရွာက တောင်သူဦးတင်အောင်က ပြောပြသည်။
အဆိုပါကျေးရွာမှ တောင်သူအများစုသည် ဆီနေကြာကို စိုက်ပျိုးကြရာတွင် ထွန်စက်ကြီးဖြင့် ထယ်ရေး တစ်စပ်၊ ထွန်တစ်စပ် ထွန်ယက်ကာ နွားထယ်ဖြင့် အတန်းလိုက် စိုက်ပျိုးခြင်းဖြင့် လည်းကောင်း၊ ပက်ကြဲ၍ သော်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးချိန်မှစ၍ (၄) လ ဝန်းကျင်တွင် ရိတ်သိမ်းရကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)