ကသာ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကြီးမှူးဆောင်ရွက်သည့် ကသာခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ဆင့်ပွား သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ကသာခရိုင် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ကသာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအံ့ကျော်က အဖွင့် အမှာစကား ပြောကြား ပြီး ကသာခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မင်းဦးက ခရိုင်အတွင်းရှိ မြို့နယ်အလိုက် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ အတွက် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်နှင့် ညွှန်ကြားချက်များ တတ်မြောက်စေရန်၊ သိရှိနားလည်စေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရရှိစေရန် အတွက် မြို့နယ်အလိုက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဆင့်ပွား သင်တန်း များကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သဖြင့် ဆင့်ပွား သင်တန်းများ ဖွင့်လှစ်ပို့ချရာ တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအနေဖြင့် မိမိတို့တာဝန်ကျရာ မြို့နယ် များသို့ သွားရောက်ပြီး ကြီးကြပ်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက သိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကသာခရိုင်အတွင်းရှိ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စုဆင့်ပွားသင်တန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် သွားမည်ဖြစ်ပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များကိုလည်း မိမိတို့ တာဝန်ကျရာ မြို့နယ်များသို့ ဆင့်ပွားသင်တန်းများဖွင့်လှစ်နိုင်ရေးအတွက် သတ်မှတ်ရက်များအတွင်း စေလွှတ်သွားမည်ဖြစ် ကြောင်း၊ ကသာခရိုင် အတွင်း၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်(၁၂၄)ဦး ရှိကြောင်း ကသာခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ရဲအောင်(ပြန်/ဆက်)