ပိုင်ကျုံဖေဖော်ဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက် မြင့်မားလာစေရေးနှင့် သွားလာရေး လွယ်ကူ အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာ လမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ပေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ (၁.၅၂)မီတာရှိ Box Culvert တစ်စင်း တည်ဆောက်ပေးခြင်းလုပ်ငန်းကို ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လပတ် ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေကျပ် (၅.၉၅၀)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကရင်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာ၀န်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုပ်ငန်းများပြီးစီးမှုကြောင့် ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျေးရွာအတွင်းရှိ ကျေးလက်နေပြည်သူများအနေဖြင့် ဥတုသုံးပါးစလုံး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်ပြေလာပြီးဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး