မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် တိုင်းဒေသကြီး တက္ကသိုလ်များအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်း စကားပြောနှင့် ပန်းချီပြိုင်ပွဲများ ဆုပေးပွဲအခမ်းအနား တတ်ရောက်

မကွေး ဖေဖော်ဝါရီ ၁၁

(၇၅)နှစ်မြောက် စိန်ရတုပြည်‌ထောင်စုနေ့အထိမ်းအမှတ် မကွေးတိုင်းဒေသကြီး တက္ကသိုလ်များအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲများ  ဆုပေးပွဲအခမ်းနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက် အမှာစကားပြောကြားကာ ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်ထောင်စုဆိုသည်မှာ ပြည်နယ်နှင့်တိုင်းကို ပေါင်းစည်း၍ ဗဟိုအာဏာပိုင်အဖွဲ့အစည်းက စီမံအုပ်ချုပ်သည့် နိုင်ငံဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အယူဝါဒပေါင်းစုံဖြင့် ပေါင်းစည်းနေထိုင်ကြသည်နှင့်အညီ တိုင်းပြည် သာယာဝပြောရန် စည်းလုံးညီညွတ်မှုသည် အလွန်အရေးကြီးကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး သာယာဝပြော ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံသားအားလုံးက ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူကြရာမှာဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းရဲ့ စိတ်နှလုံးမှာ ပြည်ထောင်စု စိတ်ဓာတ်ကို နှလုံးသွင်း နိုင်မှသာ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ထာဝရရှင်သန်ရပ်တည်နိုင် မှာဖြစ်ကြောင်း၊ မျက်မှောက် ကာလတွင် နိုင်ငံရေးအပြောင်းအလဲကို အကြောင်းပြု၍ တိုင်းရင်းသား ပြည်သူများအကြား သွေးခွဲမှု၊ ပြည်ပအင်အားကြီးနိုင်ငံအချို့၏ သွေးခွဲသပ်လျှိုပေးမှုများကြောင့် တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုလျော့ရဲပြီး လက်နက်ကိုင် ပဋိပက္ခများအထိ ဖြစ်ပေါ် လာခဲ့ကြောင်း၊ တိုင်းရင်းသား ပြည်သူအားလုံးက ပြည်ထောင်စု၏ ညီအစ်ကို မောင်နှမများ ဖြစ်သည်နှင့်အညီ အရေးကြီးချိန်တွင် သွေးစည်း ညီညွတ်ကြပြီး အဖျက်အန္တရာယ်ကို သတိမူကာ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး၊ နယ်မြေ အေးချမ်းသာယာဝပြောရေးကို လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စည်းလုံးညီညာ အောင်ကြောင်းဖြာ ဆိုသည့်အတိုင်း တိုင်းရင်းသား ပြည်သူများ၏  စည်းလုံးညီညွတ်မှု ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ကြိုးပမ်းမှုကြောင့် ဒေသတည်ငြိမ် အေးချမ်းပြီး မူလအခြေအနေထက် ပိုမိုသာလွန်သော ပိုမိုကောင်းမွန်ဖွံ့ဖြိုးတိုးတက်သည့် ဒေသများဖြစ်လာပြီး ပြည်ထောင်စုကြီး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူများက မိမိတို့ဒေသ လူမှုစီးပွား တိုးတက်ရေး၊ ဒေသလုံခြုံ အေးချမ်းရေး လုပ်ငန်းများကို ပြည်ထောင်စု စိတ်ဓာတ်အခြေခံပြီး ဝိုင်းဝန်း လက်တွဲ‌ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအားလည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအား လည်းကောင်း၊ ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လည်းကောင်း၊ ကျပန်းစကားပြော ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအားလည်းကောင်း၊ ဦးစီးဌာနအဆင့် ပန်းချီပြိုင်ပွဲတွင် ဒုတိယဆုနှင့် တိုင်းဒေသကြီးအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆုရရှိသူအား လည်းကောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဥပဒေချုပ် ဦးဝင်းမြင့်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် မကွေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦးတို့က ဆုများ အသီးသီးချီးမြှင့်ခဲ့ ကြောင်း သိရသည်။

မောင်ညီညာ