ချောင်းသာမြို့တွင် A6 ရေနက်ကမ်းလွန်လုပ်ကွက် သဘာဝဓါတ်‌ငွေ့ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လူထုတွေ့ဆုံပွဲကျင်းပ

ချောင်းသာ  ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက် ၉ နာရီက A6 ရေနက်ကမ်းလွန်လုပ်ကွက် သဘာဝဓါတ်ငွေ့ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး အတွက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း၊ နယ်ပယ်တိုင်းတာသတ်မှတ်ခြင်းအဆင့် လူထုတွေ့ဆုံပွဲကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်ထားသော စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် Total ကုမ္ပဏီ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာရှိ ဦးစောဟဒ်စံက ကမ်းလွန်လုပ်ကွက် A6 နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသပြီး Total ကုမ္ပဏီ၏ တွင်းတူးနှင့်ထုတ်လုပ်ရေး ပညာရှင် ဦးတင်ဌေးကျော် က စီမံကိန်းအကြောင်းအရာကို အသေးစိတ်ကို ပရိုဂျက်တာဖြင့် ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ Total ကုမ္ပဏီ၏ EIA ဆန်းစစ်ချက် ERM အကြီးတန်းအတိုင်ပင်ခံအရာရှိ ဦးနေဆန်းလင်း က ရေနက်ကမ်းလွန် လုပ်ကွက် A6 အတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းတို့ကို ရှင်းလင်းတင်ပြရာတွင် အဆိုပါ စီမံကိန်းနေရာမှာ ချောင်းသာမြို့မှ (၂၅)မိုင်(၄၁ကီလိုမီတာ) ခန့်အကွာတွင် တည်ရှိပြီး  စီမံကိန်း အနေဖြင့် ကမ်းရိုးတန်းမှ ၁၈ မိုင် (၂၉ ကီလိုမီတာ)ခန့်အကွာ (ပင်လယ်ရေ အနက် ၁၀၀ မီတာ(၃၂၈ပေ)ခန့်) ရှိ ပလက်ဖောင်းတစ်ခုနှင့် ချိတ်ဆက်သွားပြီး ထိုမှတစ်ဆင့် ရတနာ Riser Platform သို့ ပိုက်လိုင်းဖြင့် ပေးပို့ကာ ပြည်တွင်းသုံးနှင့် ပြည်ပတင်ပို့ရန်အတွက် ၎င်းမှထပ်ဆင့် ဖြန့်ဝေသွားမည်ဟု ရှင်းလင်း ပြောကြားချက်များအရ သိရသည်။

ထို့နောက် တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ချောင်းသာမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊‌ ချောင်းသာ ရေယာဉ် အသင်းမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

ကိုကိုမောင် (ပြန်/ဆက်)