ဆင်ပေါင်ဝဲမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲအခမ်းအနား ကျင်းပ

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် (ဧပြီမှမတ်လအထိ) အရပ်ရပ် အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်က ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက "လေလံရောင်းချပွဲသို့ တက်ရောက်လာသော လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်စည်းကမ်းအတိုင်း ဝင်ရောက်ယှဉ်ပြိုင်ကြရန်၊ မိမိအကျိုးစီးပွားအတွက် ထည့်သွင်းစဉ်းစားဖို့လိုသလို အများအတွက်လည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ကြောင်း၊ မိမိတို့ဘက်မှလည်း လိုင်စင်မရှိဘဲ ဆောင်ရွက်နေသူများအား ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း" စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး လေလံရောင်းချရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်မှ လေလံစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် (ဧပြီမှမတ်လအထိ) အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲ အခမ်းအနားအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(ပြန်/ဆက်)