ယင်းမာပင်မြို့နယ်တွင် စပါးသီးနှံ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးနှင့် Homemade Pesticides ပြုလုပ်သုံးစွဲနည်း တောင်သူပညာပေးသင်တန်းဖွင့်

ယင်းမာပင်   ဩဂုတ်   ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် စပါးသီးနှံရာသီ စပါးသီးနှံ ဘက်စုံ ပိုးမွှား ကာကွယ် နှိမ်နင်းရေး (IPM) နှင့် Homemade Pesticides ပြုလုပ်သုံးစွဲနည်း တောင်သူပညာ ပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက အဖွင့် အမှာစကား ပြောကြားပြီး ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုက သင်တန်းဖွင့်လှစ်ရခြင်းမှာ တောင်သူများ မိမိတို့စိုက်ခင်း၌ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရာတွင် ဓာတုဆေး တစ်မျိုးတည်း သုံးစွဲခြင်းထက် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများကို သိရှိ၍လိုက်နာ ကျင့်သုံး လာတတ်စေရန်၊ Homemade Pesticides ပြုလုပ်သုံးစွဲနည်းများ ကိုယ်တိုင်သိရှိ ပြုလုပ်သုံးစွဲတတ် လာစေရန်၊ ဓာတုဆေးများ သုံးစွဲမှုလျော့နည်းလာစေရန်နှင့် အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရန် စသည့်  ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို စပါးသီးနှံ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေး(IPM)နှင့် Homemade Pesticides ပြုလုပ်သုံးစွဲ နည်းများနှင့် ပတ်သက်၍ စပါးသီးနှံ ရာသီတစ်လျှောက်တွင် ဘက်စုံပိုးမွှားရောဂါကာကွယ် နှိမ်နင်းနည်းများ၊ Homemade Pesticides ပြုလုပ်သုံးစွဲနည်းများကို  တောင်သူများအား အသိပညာပေး သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ယင်းမာပင်မြို့နယ်အတွင်းရှိ တောင်သူ(၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၂) ရက်ကြာ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)