ပခုက္ကူ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အသက် ၂ လမှ ၁၈ လအထိ ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း လေးထောင်ခုနစ်ရာကျော်တို့အား ထိုးနှံပြီးစီးခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေးဌာနခွဲ(၁)နှင့် (၂)တို့တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ပြီး အသက်(၂)လမှ(၁၈)အတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန် အတွက် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းဆောင်ရွက်ရာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ကလေးငယ်(၄၅၉၀)ဦး၊ ကိုယ်ဝန်ဆောင် မိခင်(၁၇၉)ဦး၊ စုစုပေါင်း(၄၇၆၉)ဦးတို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီးနေပြီဖြစ် ကြောင်း၊ မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများတွင် ဆေးထိုးစုရပ်နေရာ သတ်မှတ်ကာ နယ်မြေခံကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန် လှည့်လည်ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေး မထိုးရသေးသည့် ကလေးငယ်များကို ဆေးထိုးစုရပ်နေရာများတွင် လာရောက်ထိုးနှံကြရန်၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်မာရေးနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်ရန်နှင့် ရောဂါ လက္ခဏာတစ်ခုခု ဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံး သွားရောက်ပြသရန် လိုအပ်ကြောင်းတို့ကို အသိပညာပေး ဆောင်ရွက်ကြကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)